Quantity Surveyor တဲ့...။ မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် အရည်အတွက်ကို တိုင်းတာသူပေါ့လေ။ ထားပါ။ QS ဆိုတာကို QS လို့ပဲ ဒီနေရာမှာ မှတ်ထားကြပါစို့။ အဲ့ဒီ QS ဆိုတဲ့ စကားလုံးက မြန်မာပြည်မှာတော့ အသုံးတော်တော်နည်းပါတယ်။ တခြားသော နိုင်ငံတွေမှာတော့ ဘယ်လောက်အတိုင်းအတာအထိ နေရာယူသလဲ မသိပေမယ့် စင်္ကာပူဆောက်လုပ်ရေးနယ်ပယ်မှာတော့ တော်တော်လေး နေရာယူတဲ့ စကားလုံးတစ်ခုပါ။ ဘာလို့နေရာယူတာလဲ၊ ဘာတွေလုပ်ရတဲ့ ပညာရပ်မိုလို့လဲလို့ စိတ်ဝင်စားသူတွေအတွက် ဆက်ပြောပြပါမယ်။ ဆရာကျလွန်းလို့တော့ မဟုတ်ဖူးပေါ့လေ။ ကျွန်မရဲ့ ပြည်တွင်းမှာရော စင်္ကာပူမှာပါ တွေ့ကြုံဖြတ်သန်းခဲ့တဲ့ QS လုပ်သက် ၅နှစ်ကျော်ကို အခြေခံပြီးတော့ သိခဲ့သလောက်၊ မှတ်ခဲ့သလောက် ပြန်လည်လက်ဆင့်ကမ်းတဲ့ သဘောပါပဲ။

Quantity Surveying ဆိုတာ မြန်မာနိုင်ငံရဲ့ ဘယ်တက္ကသိုလ်မှာမှ အထူးပြုဘာသာရပ်အဖြစ် ပြဌာန်းသင်ကြားတာမျိုး မရှိပါဘူး။ မြန်မာပြည်လုပ်ငန်းခွင်မှာလည်း အထူးတလည် နေရာပေးထားခြင်းမျိုးမရှိပါဘူး။ လုပ်ငန်းကြီးတွေမှာသာ QS Section ဆိုပြီး ဌာနခွဲအသေးစားမျိုး ထားတတ်ပါတယ်။ စင်္ကာပူမှာတော့ ကျယ်ပြန့်ပါတယ်။ B.Sc ( Quantity Surveying ), Diploma in Contract Management ဆိုပြီးတော့လည်း ဘွဲ့တစ်ခုအနေနဲ့ပေးပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်ကနေ အလုပ်လာရှာတဲ့ မြို့ပြအင်ဂျင်နီယာတစ်ယောက် စင်္ကာပူကိုရောက်တဲ့အခါ သတင်းစာမှာ Quantity Surveyor ဆိုတဲ့အလုပ်ကြော်ငြာတွေ အများကြီးတွေ့ပါလိမ့်မယ်။ ဘာတွေလုပ်ရတာလဲ ဆိုပြီးတော့လည်း မေးခွန်းတွေရှိလာပါတယ်။ အခုမှ စရောက်တဲ့သူတွေကိုတော့ QS ဆိုတာ Estimate တွက်ပေးရတာပါဟာလို့ နားလည်လွယ်အောင် ပြောလိုက်ရပေမယ့် လုပ်ငန်းခွင်ဟာ ပြောသလောက် မလွယ်ပါဘူး။ စကားများများမပြောချင်ရင်၊ စိတ်မရှည်ရင်၊ ဆက်ဆံရေးမပြေပစ်ရင် ဘ၀ဆက်တိုင်း QS မလုပ်ပါရစေနဲ့တော့လို့တောင် ဆုတောင်းရပါလိမ့်မယ်။ ဒါကြောင့်လည်း လုပ်ငန်းသဘာဝ မိန်းကလေးကိုသာ ဦးစားပေးပြီး QS Position ကိုခန့်ထားတတ်ပါတယ်။

တကယ်တော့ QS ဆိုတာ Engineering Major တွေထဲက Civil ( မြို့ပြ ) အထူးပြုဘာသာရပ်နဲ့ အများဆုံးနှီးနွယ်နေတဲ့ ဘာသာခွဲတစ်ခုလို့ပြောရင်လည်း မမှားပါဘူး။ ဘာကြောင့်လည်းဆိုတော့ QS တစ်ယောက်ရဲ့ တာဝန်တွေထဲမှာ အဓိကဖြစ်နေတဲ့ အဆောက်အဦးတစ်ခုရဲ့ ခန့်မှန်းခြေကုန်ကျစရိတ် တွက်ချက်ခြင်း ( Estimating ) ဆိုတဲ့ ဘာသာရပ်ဟာ မြို့ပြအင်ဂျင်နီယာဘာသာရပ်ရဲ့ ဘာသာခွဲတစ်ခုအနေနဲ့ ပြဌာန်းထားခြင်းကြောင့်ပါပဲ။

လူအများကသိထားသလိုပါပဲ... အင်ဂျင်နီယာဘာသာရပ်တွေထဲမှာ မြို့ပြအင်ဂျင်နီယာဆိုတာ အဆောက်အဦး ဆောက်ရပါတယ်။ လမ်း၊တံတားတွေ ဆောက်ရပါတယ်။ အဲ့ဒီလို တည်ဆောက်ဖို့အတွက် လုပ်ငန်းခွင်တစ်ခုအဖြစ် မြေပေါ်မှာ ကွင်းကွင်းကွက်ကွက် မပေါ်လာသေးခင် သက်ဆိုင်ရာ အင်ဂျင်နီယာပညာရှင်တွေ စုပေါင်းပြီး စာရွက်ပေါ်မှာ၊ ကွန်ပျူတာထဲမှာ ကြိုတင်အလုပ်တွေ အများကြီးလုပ်ကြရပါတယ်။ အဆောက်အဦးတစ်ခုကိုဆောက်ဖို့ မြေတိုင်းပညာရှင်တွေလိုအပ်တယ်၊ ဗိသုကာဒီဇိုင်းပညာရှင်တွေလိုအပ်တယ်၊ အဆောက်အဦးရဲ့ ခံနိုင်ဝန်တွေအတွက် Structure ပညာရှင်တွေလိုအပ်တယ်၊ ပုံစံထုတ်ဖို့ ပုံဆွဲကျွမ်းကျင်သူတွေ လိုမယ်။ လျှပ်စစ်မီးအပိုင်းတွေရှိမယ်။ ဓါတ်လှေကားလို စက်တွေပါတဲ့ အဆောက်အဦးတွေအတွက် စက်မှုအပိုင်းတွေပါမယ်။ ပိုက်လိုင်းတွေရှိမယ်။ Landscaping လို့ခေါ်တဲ့ မြေသဘာဝကို ပြုပြင်ဖန်တီးတဲ့ အပိုင်းတွေပါဝင်မယ်။

အဲ့ဒီလို အစိတ်အပိုင်းပေါင်းများစွာ ပါဝင်နေတဲ့ အဆောက်အဦးတစ်ခုကို တကယ်တည်ဆောက်တဲ့အခါ ငွေကြေးပမာဏအားဖြင့် ခန့်မှန်းခြေဘယ်လောက် ကုန်ကျမယ်ဆိုတာမျိုးကို တွက်ချက်ဖို့လိုအပ်လာပါပြီ။ အဲ့ဒီအတွက် မြို့ပြအင်ဂျင်နီယာ အထူးပြုမှာ ခန့်မှန်းခြေကုန်ကျစရိတ် တွက်ချက်မှုဆိုတဲ့ Esitmate ဘာသာရပ်ကို ထည့်သွင်းသင်ကြားကြရခြင်းဖြစ်ပါတယ်။

ဟုတ်ပြီ။ ဒါဆိုရင် Estimate ဆိုတာဘယ်လိုလဲဆိုတာကို အကြမ်းမျဉ်းပြောပြပါဦးမယ်။ Estimate ဆိုတာ ခုနကပြောသလို အဆောက်အဦးတစ်ခုရဲ့ ခန့်မှန်းကုန်ကျစရိတ်တွေကို တွက်ချက်ရတာဖြစ်တဲ့အတွက် တကယ်မတည်ဆောက်ခင် စာရွက်ပေါ်မှာ ထွက်လာတဲ့ ပုံကိုကြည့်ပြီး တိုင်းတာတွက်ချက်ရပါတယ်။ ဥပမာ- အိမ်တစ်လုံးဆောက်ပြီ ဆိုပါစို့။ အုတ်နံရံက ဘယ်လောက်ဧရိယာပါမယ်။ အမိုးက ဘယ်လောက် ဧရိယာပါမယ်။ ပြူတင်းပေါက်က ဘယ်နှပေါက်ပါမယ်။ သံပန်းသံတံခါးက ဘယ်နှချပ်ပါတယ်။ ဒါတွေကို ပုံမှာတိုင်းတာပြီး အတိကျဆုံး၊ အနီးစပ်ဆုံးဖြစ်အောင် တွက်ချက်ရပါတယ်။

ရလာတဲ့အတိုင်းအတာတွေကို အခြေခံပြီးတော့မှ ဘိလပ်မြေက ဘယ်လောက်ကုန်မယ်၊ သဲဘယ်လောက်ကုန်မယ်၊ သံချောင်းက ဘယ်လောက်ကုန်မယ်၊ အလုပ်သမားခက ဘယ်လောက်ကုန်မယ်... စသည်ဖြင့် အိမ်ဆောက်ပစ္စည်းတွေကို ခန့်မှန်းထုတ်ယူရပြန်ပါတယ်။ မြန်မာပြည်မှာတော့ Yellow Book လို့ခေါ်တဲ့ စံသတ်မှတ်ထားတဲ့ စာအုပ်နဲ့ အချိုးချပြီးတွက်ထုတ်ပါတယ်။ ပြီးတော့မှ ပစ္စည်းတစ်မျိုးစီရဲ့ ဈေးနှုန်းနဲ့ ပြန်တွက်ပြီး ပစ္စည်းဖိုးကဘယ်လောက်၊ အလုပ်သမားခကဘယ်လောက်၊ သယ်ယူပို့ဆောင်ရေးကဘယ်လောက်ဆိုပြီး စုစုပေါင်းကုန်ကျတန်ဖိုး ထွက်လာတာပါ။ အဲ့ဒါ Estimate ဆိုတာကို အများနားလည်အောင် အကြမ်းပြောပြရခြင်းပါ။

ခန့်မှန်းထွက်လာတဲ့ကုန်ကျစရိတ်ကိုကြည့်ပြီးမှ အဆောက်အဦးပိုင်ရှင်က သူ့မှာတတ်နိုင်တဲ့ ငွေအနေအထားနဲ့ သူလိုချင်တဲ့ပုံစံနဲ့ကို ပြန်ချိန်ဆနိုင်ပါတယ်။ ဈေးများမယ့် ပစ္စည်းနေရာမှာ တခြားသက်သာမယ့်ပစ္စည်းနဲ့ ပြန်လဲသုံးတာမျိုးပေါ့လေ။ ဒါကြောင့် အဆောက်အဦးတစ်ခု တည်ဆောက်တဲ့အခါမှာ Estimate တွက်ပေးတဲ့သူ (လုပ်ငန်းအနေအထားကိုလိုက်ပြီး) အနည်းဆုံးတစ်ယောက်တော့ လိုအပ်ပါတယ်။ မြို့ပြအင်ဂျင်နီယာတိုင်း Estimate ဘာသာရပ်ကို နားလည်တတ်ကျွမ်းပါတယ်။ ကျွမ်းကျင်မှုနဲ့ တခြားလုပ်ငန်းခွင် လုပ်ထုံးလုပ်နည်းတွေကတော့ လုပ်ငန်းခွင်အတွေ့အကြုံကိုလိုက်ပြီး ကွာခြားသွားပါလိမ့်မယ်။ မြန်မာပြည်မှာတော့ QS တစ်ယောက်က Estimate တွက်ရတာကိုပဲ အများဆုံးလုပ်နေကြရတာပါပဲ။

တစ်ခုတော့ပြောစရာရှိပါတယ်။ Estimate ဆိုတာ အဆောက်အဦးမဆောက်ခင်မှာပဲ လိုအပ်တာလားဆိုရင်တော့ မဟုတ်ပါဘူး။ အဆောက်အဦး မစခင်ကနေ လုံးဝပြီးစီးသည်အထိ လိုအပ်ပါတယ်။ QS တစ်ယောက်ဟာ အဆောက်အဦးမစခင်မှာ အကြိုခန့်မှန်းခြေတွက်ချက်ရသလို တကယ်တမ်း တည်ဆောက်ပြီဆိုရင်လည်း အကြိုတုန်းက တွက်ထားတာနဲ့ တကယ်လက်ရှိ တည်ဆောက်တာနဲ့ကို တိုက်ဆိုင်စစ်ဆေးပြီး လိုအပ်သလို ပြောင်းလဲတွက်ချက်ပေးရပါသေးတယ်။ ပိုင်ရှင်ဆီက ငွေဘယ်လောက်ရပြီးပြီလဲ၊ ရဖို့ဘယ်လောက်ကျန်သေးတယ် ဆိုတာမျိုးလည်း စာရင်းပြုစုပေးရပါသေးတယ်။

ဒါဟာ ကျွန်မ မြန်မာပြည်မှာ တာဝန်ယူခဲ့တဲ့ QS တစ်ယောက်ရဲ့ လုပ်ငန်းသဘာဝတွေပါ။ စင်္ကာပူဆောက်လုပ်ရေးနယ်ပယ်က QS တစ်ယောက်အနေနဲ့ကတော့ မြန်မာပြည်က QS ဆိုတာနဲ့ အများကြီးခြားနားသွားပါပြီ။ လုပ်ငန်းတာဝန်တွေ ပိုများလာတာကို ဆိုလိုပါတယ်။ နောက်တစ်ပိုင်းမှာ စင်္ကာပူလုပ်ငန်းခွင်မှာ နေရာပေးထားတဲ့ QS တွေရဲ့ လုပ်ငန်းသဘာဝကို ဆက်လက်ဝေမျှသွားပါ့မယ်။
Discuss   Add this link to...  Bury

Comments Who Voted Related Links