သင်သည် စက်ရုပ်မြို့တော်တွင်နေထိုင်သူတစ်ဦးဖြစ်ပါက ဤနေရာမှ ဆက်မဖတ်ရန် အလေးအနက် တောင်းပန်ပါသည်..

ထို့ထက်ပို၍ သင်သည် စက်ရုပ်လူသားတစ်ဦးဆိုပါက ဤနေရာမှ လှည့်ပြန်ရန် အနူးအညွှတ်တောင်းပန်အပ်ပါသည်…..

ဆက်လက်၍ဖတ်ရှုပါက မိမိတာဝန်သာဖြစ်ပါသည်ခင်ဗျာ……

ဟိုဟိုဒီဒီ ကြည့်မိတယ်။ အလို….ငါရောက်နေတာ အများတကာ သိပ်သွားချင်နေတဲ့ စက်ရုပ်မြို့တော်ပါပဲလား။ သိပ်ကိုလှပ သိပ်ခန်းနားကြီးကျယ်လွန်းတဲ့ မြို့ပါလား။ အရောင်တွေဖိတ်ဖိတ်တောက်နေလိုက်တာများ ကိုယ်တွေမြို့ရွာနဲ့ တစ်ခြားစီရယ်။ ကြောင်တောင်တောင်လေး ငေးနေတုန်း ၀ှီးခနဲ ဖြတ်သွားတဲ့ ကားပျံတွေက တတီတီဟွန်းသံပေးနေတော့တယ်။ အဲဒီတော့မှ ဆိုင်းဘုတ်တစ်ခုကို တွေ့ရတယ် ဟိုဘက်နားတွင် လျှောက်လမ်းရှိသည် လျှောက်လမ်းသို့သွားရန် ဆိုတဲ့စာလေးပါ။ ကမန်းကတမ်း သူညွှန်ပြတဲ့ လမ်းလေးအတိုင်း လျှောက်သွားရင်း ငေးမောနေမိတော့တာပေါ့။

စက်ရုပ်မြို့တော်မှ ကြိုဆိုပါ၏ဆိုတဲ့ စာတမ်းလေးက လေထဲမှာ တလွှင့်လွှင့်။ မြို့တော် လူဝင်မှုကြီးကြပ်ရေးဌာနဆိုပါလား။ အဲဒီမှာ မြို့ဝင်ခွင့်လျှောက်ထားရမယ်တဲ့။ လောလောဆယ် မြို့ကိုလှည့်ပတ်ကြည့်ရှုမယ်ဆို နှစ်ပတ်ခွင့်ပြုလက်မှတ်လျှောက်ခွင့်ရှိတယ်ဆိုလို့ နှစ်ပတ်လက်မှတ်လေး လျှောက်ထားလိုက်တယ်။ လက်ဗွေလေးပဲနှိပ်ရသေးတယ် ဒီဘက်မှာ ခွင့်ပြုလက်မှတ်က စက်ထဲကနေ လျှောကနဲ။ လက်မှတ်နဲ့အတူ မြို့ထဲမှာ ဆက်သွယ်ဖို့ ဆက်သွယ်ရေးကရိယာလေးပါထည့်ပေးလိုက်တယ်။ ကိုယ်ဆက်သွယ်လိုသူရဲ့ နာမည်ကို ရွတ်လိုက်ရုံပါပဲ။ သူ့အလိုအလျှောက်ဆက်သွယ်ပေးပါသတဲ့။ ကျနော်တို့မြို့ရွာမှာ ဒါမျိုးဆက်သွယ်ရေး ကရိယာဆိုတာ မြင်တောင်မမြင်ဖူးဘူးလေ။ လက်တည့်စမ်းချင်တာနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ နာမည် ခေါ်ကြည့်မိတယ်။ ထူးသံကြားတော့ ဟာ…ဟေ့ကောင်ကြီးမင်း ဘယ်မှာလဲကွဆိုတော့ အေး..မင်းရောက်နေတာလား နောက်မှ အေးဆေးပြန်ဆက်မယ်ကွာ ငါအခု အလုပ်ထဲမှာကွ နော်ဆိုပြီး အဆက်အသွယ်ပြတ်တောက်သွားတဲ့ တူတူတူဆိုတဲ့အသံပဲကျန်ခဲ့တော့တယ်။

ပြီးတော့ အဲဒီဆက်သွယ်ရေးကရိယာလေးကနေ မက်ဆေ့လေးတွေပို့လို့ရတယ်ဆိုပဲ။ ကိုယ့်ဆီမှာမလုပ်ခဲ့ဖူးတဲ့ အထူးအဆန်းဆိုတော့ ကိုယ်သိသမျှနာမည်လေးတွေတန်းစီရွတ်ပြီး ပို့ကြည့်တာပေါ့။ ဟိုင်းနေကောင်းလား မင်္ဂလာနံနက်ခင်းပါ မတွေ့ရတာကြာပြီနော်ဆိုတာလေးတွေပေါ့။ တစ်ချို့ကပြန်လာတယ် ကျေးဇူးပါ အဆင်ပြေပါတယ် ဒါမျိုးလေးတွေ။

အစစအဆင်ပြေနေတဲ့ အဲဒီစက်ရုပ်မြို့တော်ကြီးမှာ နောက်ထပ်နေ့ရက်များကိုလည်းပျော်ရွှင်စွာဖြတ်ကျော်ရင်းပေါ့။ အသစ်အဆန်းပေါင်းများစွာနဲ့ အဲဒီနေ့ရက်တွေက ကျနော့မြို့ရွာငယ်လေးကို မေ့ပစ်ထားခဲ့မိတယ်ဆိုတာ ၀န်ခံပါတယ်။ လောကစည်းစိမ် အာရုံတွေပေါင်းများစွာကြားမှာ ဇာတိဆိုတဲ့စိတ်ကလေးမှေးမှိန်ခဲ့တာပေါ့။

ဟိုးစက်ရုပ်မြို့တော်ပြင်ပ ကသူငယ်ချင်းတွေနဲ့လည်း အဆင့်မြင့်တဲ့ ဆက်သွယ်ရေးတွေကနေတစ်ဆင့် ဆက်သွယ်နိုင်ခဲ့တယ်။ သိပ်ပျော်ရွှင်စရာကောင်းတဲ့ ဟိုး…..အတိတ်နေ့ရက်တွေကိုတောင် ပြန်ရလိုက်သလိုပါပဲ။ သူငယ်ချင်းအသစ်တွေလည်း တိုးခဲ့တော့တာပေါ့။

ဒါပေမယ့် ကျနော့ သူငယ်ချင်းအဟောင်းတွေဆီက ဆက်သွယ်သံ လုံးဝမကြားခဲ့ရဘူးဗျ။ သူတို့ကို ကျနော်ကသာ ဆက်သွယ်နေခဲ့မိတာ။ သိပ်အလုပ်ရှုပ်ကြတယ်ထင်ပါရဲ့။ ဆက်သွယ်တိုင်းလည်း ပြန်ခေါ်မယ်နော်ဆိုတဲ့ နှစ်သိမ့်သံလေးကိုတော့ ကြားရတတ်ပါတယ်။ အဲဒီတော့ ပျင်းပျင်းရှိတာနဲ့ စက်ရုပ်လူသားဘ၀ အကူးအပြောင်းဆိုတဲ့ စာအုပ်လေးကို လေ့လာဖို့ စာကြည့်တိုက်ကို request ခလုပ်နှိပ်လိုက်တယ်။ မကြာပါဘူး အိမ်ရှေ့က စာတိုက်ပုံးလေးထဲမှာ စာအုပ်လေးရောက်လာတော့တာပေါ့။

စာအုပ်လေးထဲမှာ စက်ရုပ်လူသားဘ၀အကူးအပြောင်း အတွေ့အကြုံတွေ အခက်အခဲတွေကို ရှင်းရှင်းလင်းလင်း ရေးပြထားတယ်။ အရမ်းကို သိသာထင်ရှားအောင်လုပ်ပြထားတဲ့ စကားလုံးလေးတွေက “ သင့်ရဲ့ခံစားတတ်သော လူသားဆန်နှလုံးသားအား စက်ရုပ်နှလုံးသားဖြင့် အစားထိုးရန်” တဲ့ဗျာ။

စက်ရုပ်တို့၏ လည်ပတ်နှုန်းကို သူတို့ရှာဖွေရသော ငွေကြေးဖြင့်တိုက်ရိုက်အချိုးကျလည်ပတ်စေသည်ဆိုပါလား။ သူတို့၏နှလုံးခုန်နှုန်းကိုလည်း ထပ်တူထပ်မျှပင်ဖြစ်စေသည်။ စက်ရုပ်များအပြိုင်အဆိုင်အဖြစ် လစဉ်ရှာလို့ရသမျှငွေကြေးအရေအတွက်ကို အယောက်စီတိုင်း၏ နာမည်စာရင်းဖြင့် တစ်မြို့လုံးသိအောင် ကြေငြာပေးမည်။ ဤမြို့ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သင်ကိုယ်တိုင်ပါ လိုက်ပါတိုးတက်နိုင်ရန် စက်ရုပ်လူသားဘ၀ကို မြန်မြန်ကူးပြောင်းကြပါစို့ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ စာအုပ်လေးကို နိဂုံးချုပ်ထားပါတယ်ဗျာ။

စာအုပ်ဖတ်အပြီးမှာ လက်တွေ့ဆန်နေသေးတဲ့ ကျနော်က ဟိုတစ်လောလေးက မှ စက်ရုပ်လူသားဘ၀ကိုကူးပြောင်းသွားတယ်ဆိုတဲ့ သူငယ်ချင်းမ တစ်ယောက်ဆီကို ဖုံးခေါ်လိုက်တယ်။ ဆောရီးဟာ နင်မအားလည်း ဒီတစ်ခါတော့ ဖုံးလေးဖြေပေးပါလို့ မချလိုက်ပါနဲ့လို့ ဒီတစ်ခါပြီးရင် နောက်ထပ်ဖုံးမခေါ်တော့ပါဘူးဆိုတဲ့ ကတိက၀တ်တွေနဲ့ ကျနော့အင်တာဗျူး အစီအစဉ်ကို စလိုက်ပါတော့တယ်။

နင်တို့တွေ ဘာဖြစ်လို့တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်မရှိကြတာလဲဟင်။ ငါတို့မြို့မှာလို ဆက်သွယ်ရေးမကောင်းလို့ဆိုထားပါတော့ဆိုတဲ့မေးခွန်းကို..

စက်ရုပ်တွေရဲ့ လည်ပတ်နှုန်းက သူတို့တွေရှာတဲ့ငွေကြေးလေ။ အဲဒီတော့ ငွေကြေးဆိုတဲ့ အရာတွေမပါဝင်ရင် တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့ အချိန်မပေးနိုင်တော့လို့ပါ။ ဒါပေမယ့် တစ်ယောက်ရဲ့ အကူအညီလိုအပ်ရင်တော့ မဖြစ်မနေဆက်သွယ်ကြတာပေါ့။ ဒါကလည်း ဆယ်ခါ့ရန် တစ်ခါပေါ့။ အားလုံးကမအားလပ်ကြဘူးမဟုတ်လား။ လိုအပ်မှဆက်သွယ်တယ်ဆိုလို့ နင်မအံ့သြနေနဲ့နော် ငါတို့က စက်ရုပ်နှလုံးသားတွေဆိုတာလည်း မေ့မထားနဲ့ဦး။ အလုပ်မလုပ်နိုင်လို့ ငွေမရှာနိုင်တော့ရင် နှလုံးခုန်ရပ်သွားမယ်။ အဲဒီအချိန်ကျ ဘယ်သူကမှ လာကူနိုင်မှာ မဟုတ်ဘူးလေ။

ဒါဆိုနင်တို့တွေက တစ်ယောက်ကို တစ်ယောက်အသုံးချနေကြတာပေါ့ဆိုတဲ့ထပ်ဆင့်မေးခွန်းကို..

ဟုတ်တယ်လေ။ ဘယ်သူဘာသိထားသလဲဆိုတာ သိရင်တော်ပြီပေါ့။ အဲဒီစက်ရုပ်ကို အဲဒီအချိန်မှာ အသုံးချမယ်။ အသုံးချလို့ပြီးသွားရင် သူနဲ့ထပ်ဆက်သွယ်စရာမရှိတော့ဘူးလေဟာ။ သြော်..မေ့လို့ အသုံးမချသေးခင်တော့ လူမှုရေးအနေနဲ့ မက်ဆေ့ လေးဘာလေးပို့ရသေးတာပေါ့ဟာ။ နောက်တော့လား ဟင့်အင်း မက်ဆေ့မပို့နိုင်လောက်အောင် ငါမအားလပ်တော့ဘူးဆိုပါတော့။

နင်တို့တွေ ပြန်လည်တွေ့ဆုံမှု ဒါမှမဟုတ်နွေးထွေးတဲ့ ခံစားမှုကိုကော မလိုအပ်တော့ဘူးလားဆိုတဲ့မေခွန်းရဲ့ အဖြေက…

ရှိပါတယ် ငါနဲ့အနီးဆုံး စက်ရုပ်တစ်ရုပ်ရှိနေပြီပဲ။ သူ့အနားမှာ ငါရှိမယ် ငါ့အနားမှာ သူရှိမယ် ဒါဆိုပြီးပြီပေါ့။ ကျန်တဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းဆိုတာ အလကားပါဟာတဲ့။

တော်သင့်ပြီလို့ကျနော်ထင်တာနဲ့ ကျေးဇူးသူငယ်ချင်းရေဆိုတော့ အေးပါ ငါလည်း အလုပ်ပြန်လုပ်လိုက်ဦးမယ်။ နင်လည်း စက်ရုပ်လူသားပြောင်းလဲဖို့လုပ်တော့ ကြိုဆိုပါတယ်ဟာဆိုပြီး ဖုံးချသွားပါတော့တယ်။

သူနဲ့စကားပြောအပြီးမှာ ကျနော့အခန်းထဲက မီးအနီရောင်တွေ ထိန်ထိန်လင်းလာပြီး

“စက်ရုပ်မြို့တော်တွင် သင်နေထိုင်ခွင့် တစ်ရက်သာကျန်တော့သည်….စက်ရုပ်လူသားပြောင်းလဲခွင့်လျှောက်ထားရန် သင့်အား စက်ရုပ်မြို့တော်လူဝင်မှုကြီးကြပ်ရေးမှ အသိပေးနှိုးဆော်အပ်ပါသည်” ဆိုတဲ့ သတိပေးစကားသံတွေ သုံးခေါက်တိတိ ပြောသွားပါတော့တယ်။

အင်း စက်ရုပ်လူသားဖြစ်ခွင့်လျှောက်ထားရမယ်။ မဖြစ်နိုင်..ခံစားတတ်တဲ့နှလုံးသားကို လဲလှယ်ရမယ် ဘယ်လိုမှ မဖြစ်နိုင်။ မဖြစ်နိုင်ဘူးလို့ မျက်စိမှိတ်အော်နေတုန်းမှာ သင့်အတွက်ဖုန်းလာနေပါတယ်ဆိုတဲ့ ထူးထူးဆန်းဆန်းမကြားစဖူးအသံတစ်ခုကို ကြားလိုက်မိတယ်။ တစ်နေ့နေလို့မှ တစ်ခါမမြည်တဲ့ ဖုန်းက တူတူတူဆိုပြီး မြည်နေခဲ့တာကိုး။

ဟူး………..မိုးလင်းပြီပဲ နှိုးစက်မြည်သံကြောင့်လန့်နိုးမိတာပေါ့။ ကဲ ပြင်ဆင်ပြီးရင် ရုံးသွားရဦးတော့မယ်……………
Discuss   Add this link to...  Bury

Comments Who Voted Related Links